စုံတွဲ အိမ်ထောင်သည်တွေ အနေနဲ့ သူတို့ အသုံးစရိတ်တွေကို ဘယ်လို လျော့ ချမလဲ (ကိုဟိန်း-Prospect Myanmar)


ဒီတစ်ခါ ကျွန်တော်ရေးမှာကတော့ အလုပ်လျှောက်ဖို့ အတွက်လည်း မဟုတ်ပါဘူး။ အလုပ်ထွက်ဖို့ အတွက်လည်း မဟုတ်ဘူး။ Boss တွေ မကောင်းကြောင်း ရေးဖို့ လည်း မဟုတ်ပါဘူး။ တခြား အကြောင်းအရာလေးတစ်ခု ပါ။ အားလုံး စိတ်ဝင်စားပြီး တော်တော်များများနဲ့ လည်း သက်ဆိုင်မယ်ထင်ပါတယ်။
အဲ့ဒီအကြောင်းအရာလေးကတော့ “စုံတွဲတွေ အိမ်ထောင်သည်တွေ အနေနဲ့ သူတို့ အသုံးစရိတ်တွေကို ဘယ်လို လျော့ ချမလဲ” ဆိုတဲ့ အကြောင်းအရာလေးပါပဲ။
အစစ အရာရာ ရှားပါးနေတဲ့ ခေတ်ကြီးမှာ ချစ်သူစုံတွဲပဲ ဖြစ်ဖြစ် လင်မယားပဲ ဖြစ်ဖြစ် နည်းနည်းလေး လှုပ်လိုက်တာနဲ့ အသုံးစရိတ်က ထွက်တာပါပဲ။ စနေတနင်္ဂနွေ လျှောက်လည်ကြမယ် ဈေးဝယ်ထွက်ကြမယ်။ ပျော်ပွဲစားသွားကြမယ်။ အားလုံးက ကုန်ပေါက်ကြီးပါပဲ။ ဒါက လျှောက်လည်တဲ့ အပျော်အပါးအတွက် ပဲ ရှိသေးတယ်။ တခြား အိမ်အသုံးစရိတ်တွေ၊ ကျန်းမာရေး အတွက် အသုံးစရိတ်တွေ ရှိသေးတယ်။ ပညာရေးအတွက်လည်း လိုအပ်ယင် လိုအပ်ဦးမှာပဲ။ အဲ့ဒီတော့ ရှာသမျှ လစာက လောက်ဖို့ အင်မတန် ခက်ခဲပါတယ်။ အဲ့ဒီလို ကုန်နေလို့ အပြင်မသွားတော့ဘူး။ လျှောက်မလည်တော့ဘူးလို့ လုပ်လို့ မရပါဘူး။ ပျော်ရွှင်ဖို့ ဆိုတာကလည်း လိုအပ်ပါသေးတယ်။ အရေးလည်းကြီးပါတယ်။ ဒါဆို ဘယ်လို ပိုက်ဆံ ကုန်ကျ စရိတ်နည်းနည်းနဲ့  မကုန်သင့်တဲ့နေရာ မကုန်ပဲ ပျော်စရာ လေးတွေကို ဖန်တီးကြမလဲ။ ကုန်ကျစရိတ် သက်သာအောင် ဘယ်လို ကျင့်သုံးကြမလဲ။
အောက်မှာ အချက် ၁၄ ခု ရှိပါတယ်။ အဲ့ဒီ ၁၄ ခုကို ဖတ်ရှု လေ့လာပြီး လက်တွေ့ ကျင့်သုံးကြည့်ရအောင်။ (မှတ်ချက်။ ။ အချက်အားလုံးသည် မြန်မာပြည် အနေအထားနှင့် ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်)။
၁။ အကုန်အကျ သက်သာစွာဖြင့် ချိန်းတွေ့ ပါ။ 
နာမည်ကြီး စားသောက်ဆိုင်ကြီးတွေမှာ တူတူ စားတာတို့ (စားရင်းနဲ့  ဖေ့ဘွတ် မှာ check in လည်း ၀င်ကြတာ ပါတာပေါ့)၊ ဈေးကြီးတဲ့ ပြဇာတ် (ဥပမာ အမျိုးသားပြဇာတ်ရုံက လတ်မှတ် တစ်စောင်ကို ၃၀၀၀၀ လောက်ပေးရတဲ့ ပြဇာတ်မျိုး) ကို တူတူ သွားကြည့်တာတို့ က တကယ်ကို ကြည်နူးစရာကောင်းပါတယ်။ Romantic လည်း ဖြစ်ပါတယ်။ Romantic ဖြစ်တာနဲ့ အတူ ကုန်ကျစရိတ်ကလည်း ထောင်းလှမှာပါ။
ဒါဆို အကုန်အကျ သက်သာအောင် ဘယ်လို လုပ်မလဲ။ နာမည်ကြီးစားသောက်ဆိုင်မှာ စားတာထက် ဈေးသက်သာပြီး အဆင့်အတန်းလဲမှီတဲ့ ဆိုင်မှာ ညစာ တူတူစား၊ ပြီးယင် ရုပ်ရှင်တူတူကြည့်တာက နာမည်ကြီး စားသောက်ဆိုင်မှာ စားတာထက်တော့ သက်သာလောက်ပါတယ်။ ဒါမှ မဟုတ်လည်း အခမဲ့ ကြည့်ရှု့ လို့ ရတဲ့ ပွဲတွေ ရှိယင် တူတူသွားကြည့်တာမျိုး လုပ်လို့ ရပါတယ်။ မြန်မာပြည်မှာတော့ နည်းနည်းရှားပါသေးတယ်။ 
၂။ အခမဲ့ ၀န်ဆောင်မှု (ဒါမှမဟုတ်) ဈေးလျော့ပေးတဲ့ ၀န်ဆောင်မှုတွေကို member ၀င်ထားပါ။ 
အခု နောက်ပိုင်းခေတ်စားလာပါပြီ။ စားသောက်ဆိုင်တွေမှာ member card ပေးတာတို့ ၊ shopping centre တွေမှာ free member card ပေးတာတို့ ရှိလာပါပြီ။ အဲ့ဒီ member card နဲ့ လာယင် အစွန်းထွက်ကို လျော့ပေးတာမျိုး၊ % နဲ့ လျော့ ပေးတာမျိုး တွေ ရှိလာပါပြီ။
ထိုင်းမှာဆိုယင် shopping centre မှာ ဈေးဝယ်လို့ ပမာဏ တစ်ခုရောက်ယင် ကူပွန်လေးတွေ ပေးပါတယ်။ အဲ့ဒီ ကူပွန်က အဲ့ဒီ shopping centre မှာ ၀ယ်ဖို့ မဟုတ်ပါဘူး။ ဓါတ်ဆီဆိုင်မှာ ဓါတ်ဆီထည့်ယင် လျော့ဈေးရဖို့ ပါ။ အဲ့ဒီလိုမျိုး အခွင့်အရေးလေးတွေ ရှိယင် ယူရမှာ မရှက်ပါနဲ့ ။ လျော့ပေးတဲ့ ပမာဏ ဟာ နည်းတယ်ဆိုပေမယ့် ပိုက်ဆံ တစ်ကျပ်ဟာလည်း ပိုက်ဆံပါပဲ။ တခြားနေရာမှာ အသုံးပြုနိုင်ပါတယ်။
(မှတ်ချက်၊ member card က discount ပေးတဲ့ ကာလကို သတ်မှတ်ထားလို့ discount လိုချင်တာနဲ့ မလိုအပ်ပဲ သွားဝယ်တာမျိုးတော့ မလုပ်သင့်ဘူးထင်ပါတယ်) 
၃။ တူတူရှိရမည့်အချိန် ရောက်ပါက တူတူ ပြောင်းရွှေ့ နေထိုင်ပါ (မြန်မာပြည်အတွက်တော့ မဟုတ်သေးပါဘူး)
တစ်ယောက်ကို တစ်အိမ် ခွဲနေမယ့်အစား အခြေအနေ တစ်ခုခု (လက်ထပ်ပြီးယင်ပဲ ဖြစ်ဖြစ်၊ တကယ်ကို ဘ၀ အတွက် လက်တွဲတော့မယ်ဆိုယင်ပဲဖြစ်ဖြစ်) နေရာတစ်ခုတည်းမှာ တူတူပြောင်းရွှေ့ နေထိုင်သင့်ပါတယ်။ အဲ့ဒါဆိုယင်တော့ နှစ်အိမ်စာ ကုန်ကျစရိတ်ကနေ တစ်အိမ်စာပဲ ကုန်ကျတော့မှာပါ။ 
၎။ အိမ်ကို ပြင်ဆင်မှု၊ အလှ ဆင်မှု ပြုပါက အသစ်ဝယ်မယ့်အစား အဟောင်းတွေကို ပြန်လည် အသုံးပြုပါ။
မြန်မာပြည်မှာကတော့ အကျင့်က ပါနေပါတယ်။ အိမ်သစ်တက်တယ်ဆိုယင် ကို ပရိဘောဂ အသစ်ဝယ်ရတယ်။ အိမ်အဟောင်းက ပစ္စည်းတော်တော်များများကို မသုံးချင်တော့ဘူး။ တော်တော်များများ ကို အသစ်သုံးချင်တဲ့ အကျင့်တွေ ရှိနေပါတယ်။ နောက်တစ်ခုကတော့ သူတစ်ပါး သုံးပြီးသားဆိုယင် ပြန်မသုံးချင်ကြတော့ဘူး။
နိုင်ငံခြားမှာကတော့ ပစ္စည်း အဟောင်းကို ပြန်ဝယ်သုံးတဲ့ အလေ့အကျင့်ရှိပါတယ်။ အဲ့လို လုပ်လို့ လည်း ဘယ်သူမှ အထင်မသေးပါဘူး။
အဲ့ဒီ ဓလေ့ လေးကို ကျွန်တော် ကြုံတွေလာတာကတော့ မဲဆောက်မှာ နေတုန်းကပါပဲ။ မဲဆောက်မြို့ လေးက နယ်စပ်မြို့ လေးဆိုပေမယ့် နိုင်ငံခြားသား တော်တော်များများ ရှိပါတယ်။ INGO တွေ မှာ လုပ်နေကြတာပါ။ တော်တော်များများက အသိပညာ အတတ်ပညာရှင်တွေပါ။ facebook ပေါ်မှာ MaeSot buy and sell ဆိုတဲ့ group လေး တစ်ခု ရှိပါတယ်။ အဲ့ဒီ မှာ ပစ္စည်း အဟောင်း အကုန်ရောင်းလို့ ရတယ်။ ၀ယ်ချင်လည်း လိုက်ရှာလို့ ရတယ်။ အကုန် ရောင်းပါတယ်။ နိုင်ငံခြားသား တစ်ယောက် တာဝန်ပြီးလို့ ပြန်ယင် အကုန်ကို ရောင်းတာပါ။ မွေ့ ယာ၊ စောင်က အစ ရောင်းပါတယ်။ ဇွန်းလဲ ရောင်းပါတယ်။ ပန်းအိုးလည်း ရောင်းပါတယ်။ ရောင်းလို့ ရတာ မှန်သမျှ အကုန်ရောင်းပါတယ်။ ၀ယ်တဲ့သူတွေကလည်း နိုင်ငံခြားသားတွေပါပဲ။ အကုန် ပြန်ဝယ်ပါတယ်။ တချို့ ဆိုယင် အိမ်လိုက်ကို လွှဲပေးလိုက်တာမျိုး တောင်ရှိပါတယ်။
အဲ့ဒီလိုမျိုး ကောင်းသေးတဲ့ ပစ္စည်း အဟောင်းလေးတွေနဲ့ အိမ်ကို ပြင်ဆင်နိုင်ပါတယ်။ အယင် အပတ်က ကျွန်တော့် ရုံးကို နိုင်ငံခြားသားဝန်ထမ်း အသစ် တစ်ယောက်ရောက်ပါတယ်။ ကျွန်တော့်ကို လာမေးတယ်။ ရန်ကုန်မှာ အဟောင်း ရောင်းတဲ့ ဆိုင် ဘယ်မှာ ရှိသလဲတဲ့။ ဘာဝယ်ချင်လို့ လဲဆိုတော့ အိမ်သုံးပစ္စည်းအကုန် ၀ယ်ချင်လို့ ပါတဲ့။ အဲ့ဒီ နိုင်ငံခြားသားကြီးက အသင်းအဖွဲ့ အုပ်ချုပ်မှုဆိုင်ရာ ပါရဂူကြီးပါ။ 
၅။ ၀ါသနာကို ပေါင်းစည်းကြည့်ပါ။ 
တစ်ယောက်က စစ်ကားကြည့်တာ ၀ါသနာပါတယ်။ တစ်ယောက်က အချစ်ကားကြည့်တာ ၀ါသနာပါတယ်။ စစ်ကား ခွေ တစ်ခွေ ၀ယ်ယင် အချစ်ကား တစ်ခွေ ၀ယ်ရမယ်။ အဲ့လို မဟုတ်ပဲ နှစ်ယောက် ၀ါသနာ တူတဲ့ cartoon ကို ရွေးလိုက်ပါ။ ဒါက မြင်သာအောင် ဥပမာကို ပြောပြတာပါ။
အဲ့လို မျိုး ပေါင်းလို့ ရတဲ့ အချက်တွေ အများကြီးရှိမှာပါ။ 
၆။ စုံတွဲတွေ အတွက် အထူးအစီအစဉ် ပေးတာတွေကို ရွေးချယ်ပါ။ 
ဥပမာ ပေးရယင်တော့ Telenor အချင်းချင်း ဖုန်းဆက်ယင် ၁၅ ကျပ်ကြမယ်။ Telenor ကနေ MPT ကို ဆက်မယ်ဆိုယင်တော့ ၂၅ ကျပ်ကြမယ်။ ဒါဆိုယင် လင်မယားအချင်းချင်း ချစ်သူ အချင်းချင်း ဖုန်းဆက်ဖို့ တူညီတဲ့ ဖုန်းလိုင်းကို ရွေးသုံးလိုက်ပါ။
ဟိုတစ်လောက တွေ့ လိုက်ပါတယ်။ MPT က special number ကို ဖုန်းခေါ်ယင် ဘယ်လောက်ပဲ ကျမယ်ဆိုပြီး discount ပေးတာပါ။ မိမိ ချစ်သူကို ခဏခဏ ခေါ်ဖြစ်မယ်ဆိုယင် special number လုပ်ထားလိုက်လို့ ရပါတယ်။ 
၇။ မလိုအပ်တဲ့ လစဉ်ပေးဆောင်ရတဲ့ ၀န်ဆောင်မှုတွေကို လျော့ချလိုက်ပါ။ 
အိမ်မှာ cable TV (ဒါမှမဟုတ်) ရုပ်သံလိုင်း တစ်ခုခု တပ် ထားတယ်ဆိုပါစို့ ။တကယ်ကြည့်ဖြစ်ရဲ့ လားဆိုတာကို စဉ်းစားပါ။ တစ်ပတ်မှ တစ်ခါ လောက်သာ ကြည့်ဖြစ်တယ်ဆိုယင် ဆက်ပြီး တပ်သင့်မတပ်သင့် စဉ်းစားပါ။
အိမ်တိုင်ရာရောက် ဂျာနယ်ကို လပေး စနစ်နဲ့ ယူထားတယ်။ တကယ်ဖတ်ဖြစ်ရဲ့ လား စဉ်းစားပါ။
(အင်း..ကျွန်တော့်ကို ရုပ်သံလိုင်းနဲ့ ဂျာနယ်တွေ မုန်းတော့မယ်) 
၈။ အိမ်အသုံးအဆောင် ပစ္စည်းတွေကို များများ ၀ယ်ထားပါ။ 
အိမ်သာသုံးစက္ကူလိုမျိုး၊ ဆပ်ပြာလိုမျိုး၊ ကြမ်းတိုက် အ၀တ်လိုမျိုးတွေက အမြဲလိုအပ်နေမယ့် ပစ္စည်းတွေပါ။ အဲ့ဒီ အသုံးအဆောင်တွေကို တစ်ခါတည်း များများ ၀ယ်ထားပါ။ ၀ယ်တဲ့အခါမှာလည်း များများဝယ်ယင် ဈေးချပေးတဲ့ နေရာတွေ မှာ ရွေးဝယ်ပါ။ ဒါဆိုယင်တော့ လိုမှ နီးစပ်ရာဆိုင်မှာ တစ်ခု ချင်း သွားဝယ်ရလို့ ဈေးပိုပေးရတာ သက်သာသွားမှာပါ။
နောက်တစ်ခုကတော့ ဈေးသွားတော့မယ်ဆိုယင် ၀ယ်ယူရမယ့် စာရင်းကို လုပ်ထားပါ။ ဒါဆိုယင် လိုအပ်တာကို သာဝယ်ဖြစ်မှာဖြစ်ပြီး တွေ့ သမျှ ၀ယ်ယူခြင်းကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ 
၉။ အကုန်အကျ သက်သာတဲ့ vacation မျိုး ဖန်တီးပါ။ 
ကျွန်တော်နဲ့ ကျွန်တော့် အမျိုးသမီးဆိုယင် ထိုင်းမှာနေတုန်းက တစ်နေရာရာကို ခရီးထွက်မယ်ဆိုယင် Tourist peak season ကို ရှောင်ပါတယ်။ အဲ့ဒီအခါမှာ ဟိုတယ်ဈေးနှုန်းတွေ စားသောက်နှုန်းတွေက ထက်ဝက်ကျကုန်ပါတယ်။
ဥပမာ ဖူးခက်က ၃ စတား ဟိုတယ်မှာ peak season ဆိုယင် တစ်ညကို ဒေါ်လာ ၁၅၀ လောက်ပေးရတဲ့ အခန်းကို peak season မဟုတ်တဲ့ အချိန်မှာဆိုယင် ဒေါ်လာ ၃၀ လောက်နဲ့ နေလို့ ရပါတယ်။ ၀န်ဆောင်မှုတူတူပါပဲ။ သူတို့ ဟိုတယ် မှာကို ရေးထားပါတယ်။ Peak season ဈေးနဲ့  peak season မဟုတ်တဲ့ ဈေးပါ။
မြန်မာမှာလည်း တူတူပါပဲ။ peak season ဈေးနဲ့  သာမန် အချိန်ဈေးက ကွားခြားပါတယ်။
နောက်တစ်ခုကတော့ ခရီးသွားတဲ့ အချိန်မှာ စားသောက် စရိတ်ကို လျော့ချလို့ ရပါတယ်။ ဒေသအသစ်ရောက်လို့ ဒေသစာတွေ စားချင်လို့ စားတာကတော့ စားလို့ ရပါတယ်။ အဲ့ဒီလို မှမဟုတ်ပဲ ကိုယ်နေတဲ့ နေရာမှာလည်း ရနိုင်တဲ့ အစားအစာကို တော့ ခရီးသွားနေယင် ဈေးကြီး ပေးမစားတော့ပါဘူး။ ခေါက်ဆွဲပြုတ်လောက်စားလို့ ရပါတယ်။ Sabushi လောက်၊ MacDonald လောက် သွားမစားတော့ပါဘူး။ အဲ့ဒီလို ဆိုယင် သူတစ်ပါးတွေ ဈေးကြီးပေးရတဲ့ ခရီးကို ပဲ ဈေးသက်သက်သာသာနဲ့ သွားနိုင်မှာပါ။ 
၁၀။ နှစ် ယောက်ရဲ့  ငွေကို ပေါင်းစည်းလိုက်ပါ။ 
ကိုယ့်ဝင်ငွေကိုယ်သုံး၊ သူ့ ဝင်ငွေ သူသုံးတာထက် နှစ်ယောက် ၀င်ငွေကို ပေါင်းစည်းလိုက်ပြီး အသုံးစရိတ်ကို အဲ့ဒီ ပေါင်းစည်းတဲ့ထဲက သုံးပါ။ အသုံးစရိတ်ကိုလည်း တစ်ယောက်ချင်း အသုံးစရိတ်ကို နှစ်ယောက် စာ အဖြစ်ပေါင်းစည်းလိုက်ပါ။ အဲ့ဒီ အခါကျယင် ဘယ်နေရာ ပိုကုန်နေသလဲ ထွက်လာပါလိမ့်မယ်။ 
၁၁။ အနာဂါတ်ကို မကြာခဏ ဆွေးနွေးပါ။ 
သင်တို့ နှစ်ဦးအတွက် အနာဂါတ်ကို မကြာခဏ ဆွေးနွေးပါ၊ ဥပမာ ကားကို ဘယ်အချိန်မှာ ၀ယ်မလဲ။ ဘယ်အချိန်မှာ တီဗွီအသစ် ၀ယ်မလဲပေါ့။ အဲ့ဒါဆိုယင် အဲ့ဒီ အနာဂါတ်အတွက် တွေးပြီး ပိုက်ဆံ စုဖို့ သဘောတူ စဉ်းစားမိလာပါလိမ့်မယ်။ ၀ယ်တာတင်မကပါဘူး။ ပညာရေး၊ ကျန်းမာရေး အကုန် စဉ်းစားလို့ ရပါတယ်။ 
၁၂။ အကြွေးဝယ်ခွင့် ကဒ်ကို သိမ်းလိုက်ပါ။ 
အကြွေးဝယ်ခွင့်ကဒ်က ဒုက္ခပေးလှပါတယ်။ ဘာလို့ လည်းဆိုတော့ ပိုက်ဆံ မရှိသေးပဲ အကြွေးဝယ်လို့ ရတယ်လေ။ လစာထုတ်မှာ ပြန်ဆပ်ပေါ့။ လစာလည်းထုတ်ရော လစာလည်း ကုန်ရောပေါ့။ အဲ့ဒါကြောင့် credit card ကို ဖြစ်နိုင်ယင် မသုံးပါနဲ့ ။ မဖြစ်မနေ သုံးရမယ့် အချိန်မှပဲ သုံးပါ။
၁၃။ အကြွေး ဆပ်စရာ ရှိပါက တိုင်ပင်ဖြေရှင်းပါ။
ဥပမာ ကားကို အရစ်ကျ ၀ယ်လိုက်တယ်ဆိုပါစို့ ။ ဒါမှ မဟုတ်လည်း အကြွေးတင်နေတာမျိုး ရှိတယ်ဆိုပါစို့ ။ အဲ့ဒါဆိုယင် အဲ့ဒီ အကြွေးကို ဘယ်လို ကျေအောင် ဆပ်မလဲဆိုတာကို Plan ချပါ။ အဲ့ဒီ Plan အတိုင်း အကောင်အထည် ဖော်ပါ။ Plan ရှိနေတဲ့အတွက် ပိုက်ဆံကို စည်းကမ်းမဲ့ မသုံးဖြစ်တော့ပဲ အကြွေးဆပ်ဖို့ အတွက် စုဖြစ်မှာဖြစ်ပါတယ်။ 
၁၄။ ပညာသင်ကြားဖို့  ရာ တိုင်ပင်ပြီး စနစ်တကျ ဆောင်ရွက်ပါ။ 
တစ်ခါတစ်ရံ လက်ထပ်ပြီးမှ နောက်ထပ် ပညာ ဆက်လက်သင်ကြားတာမျိုး ရှိတတ်ပါတယ်။ အဲ့ဒီ အခါမှလည်း နှစ်ယောက်စလုံးတိုင်ပင်ရပါမယ်။ နှစ်ယောက် စလုံး အပြိုင်ပညာဆက်လက်သင်ဖို့ ရာခက်ခဲပါတယ်။ ဘာလို့ လည်းဆိုတော့ စားဖို့ သောက်ဖို့ ဝင်ငွေလိုအပ်တာကိုး။ အဲ့ဒီအတွက် နှစ်ဦး သေချာ တိုင်ပင်ပြီး ဘယ်သူ အယင် ပညာ ဆက်လက်သင်ကြားသင့်တယ်။ ဘယ်အချိန်ရောက်မှ ဘယ်သူက ဆက်ပြီး သင်မယ်ဆိုတာမျိုး စီမံသင့်ပါတယ်။ 
ကျွန်တော် ဘာလို့ ဒီဆောင်းပါးကို ရေးဖြစ်သလဲ ဆိုယင် ပတ်ဝန်းကျင်မှာတွေ့ နေရတာတွေ၊ ကိုယ်တိုင်လည်း ကြုံတွေ နေရတဲ့ အခြေအနေသတိထားမိတဲ့အတွက်ရေးလိုက်တာပါ။ မြန်မာပြည်မှာ အသုံးစရိတ်တွေ၊ နေထိုင်စရိတ်တွေ ကြီးမြင့်လို့ လာပါပြီ။ ကျွန်တော့်အထင် ထိုင်းထက်တောင် ပိုပြီး မြင့်လာသလိုပါပဲ။ ကျွန်တော် ထိုင်းကနေ ပြန်လာဖို့ စိတ်ကူးတုန်းကတော့ မြန်မာပြည် ရောက်ယင် ကုန်ကျစရိတ် ပိုပြီး သက်သာမယ်၊ အိမ်ကလည်း မိဘပေးတဲ့ အိမ်မှာ တက်နေရုံပဲ ဟန်ကျတယ်ဆိုတဲ့ အတွေးနဲ့ ပြန်ဝင်လာတာပါ။ တကယ်ကျတော့ အဲ့ဒီလို မဟုတ်ပါဘူး။ ဟိုမှာ ရတဲ့ လစာနဲ့ ဒီမှာ ရတဲ့ လစာ သိပ်မကွာတာတောင် အခု သတိထားမိလာတာက ထိုင်းမှာ ပိုပြီး ပိုက်ဆံ စု ဖြစ်သလိုပါပဲ။ ဒါကြောင့် ဒီအကြောင်းလေးကို ဖတ်မိတော့ အားလုံးလည်း သိစေချင်တဲ့ စိတ်ကူးပေါ်လာတာနဲ့ ရေးလိုက်ခြင်းဖြစ်ပါတယ်။ 
မှတ်ချက်။ အချက်တိုင်းကတော့ မြန်မာပြည်၊ မြန်မာ့ဓလေ့ထုံးစံနဲ့ ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။ ဒါကြောင့် ကိုယ်နဲ့ ကိုက်ညီမဲ့အချက်နဲ့ မကိုက်ညီနဲ့ အချက်တွေကို ခွဲခြား ဖတ်ရှု စေချင်ပါတယ်။ 
ကိုဟိန်း (Prospect Myanmar) ၏ တရားဝင် ခွင့်ပြုချက်ဖြင့် တင်ထားခြင်း ဖြစ်ပါသည်။ 
Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment