ငပျင်းတွေ ဘာကြောင့် ပိုပြီးအောင်မြင်နိုင်သလဲ။ (ကိုဟိန်း-Prospect Myanmar)



ပျင်းရိခြင်း ဆိုတာ လူတိုင်းမှာရှိကြပါတယ်။ နည်းနည်းပျင်းတာနဲ့ များများပျင်းတာပဲကွာကြပါတယ်။ အချို့ က နည်းနည်းပဲ ပျင်းတယ်။ အချို့ က များများ ပျင်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူ့ ပတ်ဝန်းကျင်မှာတော့ ပျင်းတယ်ဆိုတာကို မကောင်းတာ အဖြစ်သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ပျင်းတဲ့သူတွေမှာ သာမန်လူတွေထက် ပိုပြီးအောင်မြင်နိုင်တဲ့ အချက်တွေ ရှိတယ်ဆိုလျှင် သင်ဘာပြောမလဲ။ 
အဲ့ဒီအတွက် ဥပမာတွေ အထောက်အထားတွေသမိုင်းနဲ့ ချီပြီး ရှိခဲ့ပါတယ်။ 
ဥပမာ ချားဒါဝင် ဆိုလျှင် ငယ်ငယ်ကအရမ်းအရမ်းကို ပျင်းရိခဲ့ပါတယ်။ သူ့ ရဲ့ မိဘတွေနဲ့ ဆရာတွေ ဟာ သူ့ ကို ကျောင်းစာတွေလုပ်ဖို့ တော်တော်ကြီးကို တွန်းအားတွေ ပေးခဲ့ရတယ်။ တခါတရံ စာသင်နေတုန်း အိပ်ပျော်သွားတာလည်း ချားဒါဝင်ပါပဲ။ သူက စာသင်ရမယ့်အစား ငါးမျှားတာ၊ အားကစားလုပ်တာကို ပိုကြိုက်ပါတယ်။ သိပ္ဗံနယ်ပယ်ထဲရောက်တဲ့အထိ သူဟာ ဖြေးဖြေးနဲ့ မှန်မှန်ပဲ သွားပါတယ်။ ဘာမှ ခပ်မြန်မြန်မလုပ်ခဲ့ပါဘူး။ 
နောက်တစ်ယောက်ကတော့ ၀င်စတန်ချာချီပါ။ သူ ဟာ အတန်းထဲမှာ အမြဲတမ်း အဆင့်နောက်ဆုံးရပါတယ်။ ကောလိပ်ကျောင်းတောင် မတတ်ခဲ့ရပါဘူး။ သူ့ ရဲ့ အကြိုက်ဆုံး အရာကတော့ ပက်လက်ကုလားထိုင်ပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အရမ်းကို နာမည်ကြီးတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ 
ကားလ်မက်ဆိုလျှင်လည်း အလုပ်မလုပ်ပဲ သူ့ အမေအိုကြီး ရှာကျွေးတဲ့ ၀င်ငွေနဲ့ နေခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်ချိန်မှာတော့ သူ့ ရဲ့ လေ့လာမှုတွေဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ 
ဒီလူတွေအပြင် အိုင်းစတိုးတို့ ၊ နယူတန်တို့ ၊ ပီကာဆိုတို့ ဆိုတာလည်း အပျင်းကြီးတဲ့ လူတွေကြီးပါပဲ။ ဒါပေမယ့် သူတို့ ဟာ သူတို့ ရဲ့ ဘ၀မှာ အကြီးကျယ်ဆုံးအောင်မြင်မှုတွေ ရရှိခဲ့ကြပါတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ ဘယ်လောက်ပျင်းတဲ့သူဖြစ်ပါစေ အောင်မြင်မှုတွေ ရှိနိုင်တယ်ဆိုတာပါပဲ။ ပျင်းတယ်ဆိုတာဟာ တကယ်တော့ ကြီးမားတဲ့ စွန့် စားမှုကြီးပါ။ အောက်မှာ ဆက်လက်ရေးမှာကတော့ ပျင်းတဲ့သူတွေမှာ ရှိတတ်တဲ့အောင်မြင်မှု ရစေနိုင်တဲ့ ထူးခြားချက်တွေပါပဲ။ 
၁။ သူတို့ ဟာ တီထွင်မှု ဥာဏ်ရည်ဥာဏ်သွေးရှိတယ်။ 
ပျင်းတဲ့သူတွေဟာ တီထွင်မှု အားကောင်းပါတယ်။ သူတို့ ဟာလုပ်ရမယ့် အလုပ်ကို တစိုက်မတ်မတ်လုပ်တတ်တယ်။ ဘာလို့ လည်းဆိုတော့ အခြားမလိုအပ်တာတွေ လုပ်ရမှာ ပျင်းလို့ ပါ။ နောက်တစ်ခုကတော့ သူတို့ ဟာ အလုပ်ကို ဘယ်လို သက်သောက်သက်သာနဲ့ ပြီးရမလဲဆိုတာကို အမြဲ စဉ်းစားတာ။ အထူးသဖြင့် ထပ်ခါထပ်ခါလုပ်ရမယ့် ဟာမျိုးတွေမှာ ဘယ်လို နည်းနဲ့ လွယ်လွယ် ဖြစ်အောင်လုပ်ရမလဲ ဆိုတာကို စဉ်းစားတီထွင်တယ်။ ဘာလို့ လည်းဆိုတော့ ပျင်းတာကိုး။ သူတို့ အမုန်းဆုံးအလုပ်က ပုံမှန် ထပ်ခါထပ်ခါ လုပ်နေရတဲ့ အလုပ်တွေပါပဲ။
ပျင်းတဲ့သူတွေဟာ ဘ၀ကို လွယ်လွယ်ကူကူဖြစ်အောင် အမြဲကြိုးပမ်းတယ်။ လူတွေဟာ မြေကြီးကို လက်နဲ့ တူးရတာ အချိန်ကုန်၊လူပင်ပန်းတဲ့အတွက် မြေတူးစက် တီထွင်သလိုပေါ့။ သန့် ရှင်းရေးလုပ်ရမှာ ပျင်းတဲ့အတွက် ဖုန်စုပ်စက်တွေ ဖန်တီးလာကြတယ်။ ဒါကြောင့် နောင်မှာလည်း ငပျင်းတွေက လူတွေ သက်သောက်သက်သာရှိဖို့ ပစ္စည်းတွေ တီထွင်နေဦးမှာပဲ။ 
၂။ သူတို့ ဟာ စွန့် ဦးတီထွင် ကြတယ်။
ပျင်းတဲ့သူတွေဟာ များများ တွေးရမှာပျင်းတဲ့ အတွက် နည်းနည်းပဲတွေးတယ်။ အဲ့ဒီတော့ သူတို့ ဦးနှောက်ထဲမှာ နေရာလွတ်တွေ အများကြီးရှိနေတယ်။ သူတို့ လိုအပ်လာတဲ့အခါမှာ အဲ့ဒီနေရာလွတ်တွေကနေ ထူးခြားတဲ့ စိတ်ကူးစိတ်သန်းတွေ ထွက်လာတယ်။ သူတို့ ဟာ မလိုတာကို မတွေးဘူး။ လိုအပ်မှတွေးတယ်။ ဒါပေမယ့် တွေးထားတာတွေ အလဟသ မဖြစ်ရအောင် သူတို့ တွေးသမျှမှာ ရလဒ်တစ်ခု ထွက်လာတတ်တယ်။ ဘာလို့ လည်းဆိုတော့ ရလဒ် မထွက်မယ့်အတွေးတွေကို တွေးရမှာပျင်းတာကိုး။ 
၃။ သူတို့ ဟာ ဘယ်အချိန်မှာနားရမလဲ ဆိုတာကို သိတယ်။ 
လူ့ ဘ၀မှာ အရေးအကြီးဆုံးက ကိုယ်နားရမယ့် အချိန်ကို သိတာပါပဲ။ ခက်တာက ကျွန်တော်တို့ တော်တော်များများက workaholic တွေ ဖြစ်နေတယ်။ နားချိန်ကို မသိဘူး။ အဲ့ဒီတော့ အလုပ်တွေ နင်းကန်ကျုံးလုပ်၊ နားချိန်ကနည်း၊ ဦးနှောက်နဲ့  ခန္ဓာကိုယ်က အလုပ်မလုပ်နိုင်တော့ဘူး။ ပျင်းတဲ့သူတွေကျတော့ သူတို့ ဘယ်အချိန်မှာနားရမလဲဆိုတာကို သိတယ်။ ပျင်းတာကိုး။ အဲ့လို နားလိုက်တော့ နောက်နေ့ အတွက် အားအင်တွေ၊ အတွေးသစ်တွေ ပြန်ပေါ်လာတာပေါ့။ အဲ့ဒီအချိန်မှာ သာမန်လူတွေက ပြိုင်းနေကြပြီလေ။ 
၎။ သူတို့ ဟာ ပိုပြီး သက်သောက်သက်သာရှိတယ်။ 
ပျင်းတဲ့သူတွေဟာဘယ်တော့မှာ လောလော၊ လောလော ဖြစ်မနေတတ်ဘူး။ တစ်ချိန်တည်းမှာလည်း ဟိုဟာလုပ် ဒီဟာလုပ် ဖြစ်မနေဘူး။ တစ်ခုခုလုပ်ဖို့ အချိန်ကို သေချာယူကြတယ်။
သာမန်လူတွေဟာ လုပ်စရာတွေများပြီး စိတ်သောကရောက်ဗျာများနေတဲ့အတွက် လုပ်ရမယ့် ဟာတွေ မပြီးတော့ဘူး။ ပျင်းတဲ့သူတွေကတော့ စိတ်သောကနည်းတဲ့အတွက် သူတို့ အလုပ်ကို အေးအေးဆေးဆေးပြီးအောင်လုပ်သွားနိုင်တယ်။ ရလဒ်က ပြီးဖို့ ပဲ မဟုတ်လား။ 
၅။ သူတို့ ဟာ သူတို့ ရဲ့  goals ကိုသိတယ်။ 
ပျင်းတဲ့သူတွေဟာ သူတို့ ရဲ့  goals ကို ဘယ်လိုသွားရမယ်၊ ဘယ်လို အာရုံစိုက်ရမယ်ဆိုတာ သိတယ်။တခြားသူတွေကြောင့် သူတို့ goals ကို အပျောက်မခံဘူး။ တကယ်တမ်းတော့ သူတို့ ဟာ အခြားသူတွေကို အာရုံစိုက်ဖို့ ပျင်းတဲ့အတွက် အခြားသူတွေ ရဲ့  ကိစ္စ နဲ့ ခေါင်းအရှုပ်မခံတော့ဘူး။ အဲ့ဒီတော့ သူတို့ ရဲ့ goals အတွက်ပဲ အာရုံပိုစိုက်နိုင်တာပေါ။
နောက်တစ်နည်းတွေးရလျှင်တော့ သူတို့ ဟာ goals ကိုရောက်ဖို့ အာရုံစိုက်လုပ်တာဟာ goals မြန်မြန်ရောက်၊ အောင်မြင်မှု မြန်မြန်ရ၊ ပြီးလျှင် အနားယူလို့ ရပြီပေါ့။ 
၆။ သူတို့ ဟာ အလုပ်ခွင်မှာ ပါးနပ်မှုရှိတယ်။ 
တကယ်တော့ အလုပ်ခွင်မှာ ပျင်းဖို့ စိတ်လေးမွေးတာဟာ ကောင်းတဲ့အချက်ပါ။ ပျင်းတဲ့အတွက် ဘာမှမလုပ်ဘဲ နေချင်နေမယ်၊ ဒါပေမယ့် အဲ့လိုနေနိုင်ဖို့  လုပ်ရမှာတွေကို အချိန်မှီအတွင်းပြီးအောင်လုပ်နိုင်တဲ့ အရည်အချင်းလိုတယ်။ ပျင်းတဲ့သူတွေမှာ အဲ့ဒီအရည်းအချင်းရှိတယ်။
ဝန်ထမ်းတွေမှာ smart ဖြစ်တဲ့ ၀န်ထမ်းရှိသလို ပိန်းတဲ့ ၀န်ထမ်းလည်းရှိတယ်။ ပျင်းတဲ့ ၀န်ထမ်းရှိသလို အရမ်းအလုပ်လုပ်တဲ့ ၀န်ထမ်းလည်းရှိတယ်။ ဒါပေမယ့် သင်ဟာ ပျင်းပေမယ့် smart ကျမယ်ဆိုလျှင် သင်ဟာ သင့်အလုပ်ခွင်မှာ အတော်ဆုံး လူဖြစ်မှာပဲ။ ဘာလို့ လည်းဆိုတော့ အလုပ်နင်းကန်လုပ်ပေးမယ့် ပိန်းတိန်းတိန်းဖြစ်နေတဲ့လူတွေထက်တော့ သင်က သာမှာပဲလေ။ 
၇။ သူတို့ ဟာ ပျင်းနိုင်ဖို့ အတွက် နည်းပညာကို အသုံးပြုတယ်။ 
အခုအချိန်မှာဆိုလျှင် နည်းပညာတွေက အရမ်းကို မြင့်မားလာပါပြီ။ လူတွေရဲ့ အလုပ်တွေကို ကူညီဖြေရှင်းပေးနိုင်မယ့် applications တွေ၊ programs တွေ အများကြီးပေါ်လာပါပြီ။ ပျင်းတဲ့သူတွေဟာ ဘယ်applications ကို ဘာအတွက်သုံးရမယ်ဆိုတာကို နားလည်တယ်။ အဲ့လိုနားလည်နိုင်အောင်လည်း နည်းပညာကို လေ့လာတယ်။ ဒါမှ သက်သာမှာကိုး။ 
ဥပမာ သူတို့ ဟာ စာချုပ်တစ်ခု ဖန်တီးရမယ်ဆိုလျှင် ပုံမှန်အားဖြင့် အရင်ဆုံးအကြမ်းရေး၊ ပြီးလျှင် editor ကိုပြ၊ ကိုယ့် boss ကိုပြ၊ ရှေ့ နေကို ပြ၊ အဲ့ဒီလို တဆင့်ချင်းသွားနေရမှာ။ ဒါပေမယ့် သူတို့ ဟာ အဲ့ဒီအဆင့်တွေ့ကို ကျော်ချင်တဲ့အတွက် စာချုပ်ကို google doc နဲ့ ရေး၊ ရေးနေတုန်းပဲ editor၊ ရှေ့ နေ၊ boss ကို google doc ကို ၀င်ကြည့်နိုင်အောင်လုပ်ပေးလိုက်တယ်။ အဲ့ဒီတော့ အားလုံးသူရေး၊ကိုယ်ရေး၊ သူပြင်ကိုယ်ပြင်နဲ့ အချိန်ခဏအတွင်းပြီးသွားနိုင်တာပေါ့။ဒါက ဥပမာပေးတာပါ။ 
အမေရိကန်က ပရော်ဖက်ဆာ Arnold Ludwig က တစ်ခါက အောင်မြင်မှု ရရှိတဲ့ လူ အယောက် ၁၀၀၀ ရဲ့ ဘ၀တွေကို လေ့လာခဲ့ပါတယ်။ သူတွေ့ ရှိခဲ့တာကတော့ မွေးရာပါ တော်မှုတတ်မှုတွေက လွဲပြီးတော့ အောင်မြင်မှုကို ရရှိစေတဲ့အခြား အချက်တစ်ချက်က အချိန် ဖြုန်းတတ်ခြင်းပါပဲတဲ့။ အိုင်းစတိုင်းကိုယ်တိုင် ပြောခဲ့တာရှိပါတယ်။ ပျင်းရိခြင်းဟာ သင့်ရဲ့ တီထွင်ကြံဆမှုတွေ၊ တွေးဆမှုတွေကို တိုးပွားစေတဲ့ အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုပါတဲ့။
ကဲ…..အပေါ်မှာရေးခဲ့တဲ့အတိုင်း ပျင်းကြရအောင်လားဗျာ။
ကိုဟိန်း (Prospect Myanmar)
Share on Google Plus

About Admin

    Blogger Comment
    Facebook Comment

0 comments:

Post a Comment